Sunday, January 17, 2010

ပျော်စရာကောင်းသောနိုင်ငံ



မြန်မာနိုင်ငံသည် အင်မတန်မှ ပျော်ပါးစရာပေါများသော နိုင်ငံတော်ကြီးဖြစ်ပါသည်။

မီးလာလျင်လဲပျော်ကျရပါသည်။
ရေလာလျင်လဲပျော်ကျရပါသည်။
ဟန်းဖုန်းလျှောက်လွှာတင်ပီးဟန်းဖုန်းရပြန်လျင်လဲထီပေါက်သလိုပျော်ကျရပါသည်။
ကားပါမစ်လေးတစ်စောင်ရလျှင်လဲပျော်ကျရပါသည်။
အိမ်ရှေ့လမ်းကိုကတ္တရာခင်းပေးလျင်လဲပျော်ကျရပါသည်။
အင်တာနက်များလိုင်းကောင်းလာလျင်လဲပျော်ကျရပါသည်။
CITY FM Mandalay FM Cherry Fm စသည့်လိုင်းများ

ဖမ်းယူနားဆင်ရရှိပီဆိုတော့လဲပျော်ကျရပါသည်။

များမကြာမှီအချိန်မှာ ရန်ကုန်မြို့တော်ကြီး ဟာ မီးခဏခဏ လာပါတော့မယ် နေ့မအား ညမနား နိုင်ငံတော်ကို တည်ဆောက်ခဲ့သည့်အချိန် အနှစ် ၂၀ အတွင်း ၅ နှစ်စီမံကိန်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများ မပြီးစီး နိုင်သေးသဖြင့် မြန်မာနိုင်ငံ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်သို့ ချီတက်ရာတွင် တော်တော်ကြန့်ကြာခဲ့ရပါသည်။

ဦးဆောင်ချီတက်နေသူများမှာ နေပြည်တော်သစ်ကိုတည်ထား နန်းစံလျက် နေ့ဆိုလျင်လည်းမအား ညဆိုလျင်လည်းမနားပဲ နိုင်ငံတော်တာဝန်ထမ်းဆောင်နေပါလျက် တိုင်းပြည်မှာ ယခုအချိန်ထိ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းမှာ ဘာကြောင့်ဆိုသည့်အဖြေကို ဦးဆောင် ချီတက်နေသူများ ပြန်လည်သုံးသပ်သင့်ပြီဟု အကြံပြုအပ်ပါသည်။

တိုင်းပြည်၏ အဖက်ဖက်မှ ယိုယွင်းကျဆင်းလာသော စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပညာရေး နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ စသည့်ပြသာနာများကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်၏ အာဏာအရပ်ရပ်နှင့် တာဝန်များကို ပြည်သူ့လက်ဝယ်သို့ ပြန်လည်အပ်နှင်းဖို့ရာ အချိန်ကျရောက်ပီဖြစ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

တိုင်းပြည်ချောက်ကမ္ဘားသို့ကျတော့မည့်အန္တာရယ်ကို ကယ်တင်ခဲ့သည့် တပ်မတော် ကပင် တိုင်းပြည်ကိုချောက်ထဲသို့ တွန်းချ နေခြင်းအဖြစ်သို့ရောက်ရှိနေပီဖြစ်ကြောင်းလဲ အချိန်မှီအသိတရား ရစေချင်ပါသည်။

နောင်သမိုင်းကြောင်းရာဇ၀င်တွင် စာတင်ခံရမည့်သူများ နာမည်ကျန်ရစ်မည့်သူများဖြစ်သည့် တာဝန်ရှိသူများမှ တာဝန်ရှိသည့်အလျောက် မိမိတို့အခြေအနေမှန်ကိုသိရှိနားလည်ပြီး မှတ်ကျောက်ကောင်းတင်ခံနိုင်ပါစေရန် တိုက်တွန်းလိုက်ရပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 16, 2010

Oh! Happy Day

>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 6, 2010

လူ့အခွင့်အရေး၏အခြခံအချက်များ

၁။ လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ လူ့အခွင့်အရေးကို ၀ယ်ယူ၍ မရ၊ လွဲပြောင်း၍မရ လူတိုင်းသည် လူသားဖြစ်နေသော အချက်ကြောင့် လူ့အခွင့်အရေးကို ရယူပိုင် ဆိုင်ခွင့်ရှိသည်။

၂။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်သက်ဆိုင်သည်။ အသားရောင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာ သာ နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသားအားလုံး အပေါ် တန်းတူညီမျှမှုရှိသည်။ လူသားအားလုံး မွေးဖွားလာ သည်မှစ၍လွတ်လွပ် ပြီးတန်းတူညီမျှ သော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။

၃။ လူ့အခွင့်အရေးကိုမည်သူကမှယူဆောင်သိမ်းပိုက်၍မရ။ လူ့အခွင့်အရေးကို မည်သူကမှ ယူဆောင် သိမ်းပိုက်ခွင့်မရှိ၊ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးကို ထိုသူ၏နိုင်ငံတော် အစိုးရနှင့်ဥပဒေ များက အသိအမှတ်မပြုသည့်တိုင် ထိုလူတွင် လူ့အခွင့်အရေးခံစားခွင့်ရှိသည်။ ထိုသို့အသိအမှတ် မပြုခြင်းသည် ထိုလူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။

၎။ လူအခွင့်အရေးများသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ဆက်စပ်နေသည်။ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်အသက်ရှင်နုင်ရန်အတွက် လူသားတိုင်းလွတ်လွပ်ခွင့် လုံခြုံခွင့်ရှိသလို လုံလောက်သော လူနေမှုဘ၀များကို လိုက်လျောညီထွေစွာခံစားခွင့်ရှိသည်။ မည်သည့်အခွင့်အရေးကိုမှ အခြားအခွင့် အရေးထက် ပို၍အရေးကြီးသည်ဟု ပြော၍မရ၊ လူ့အခွင့်အရေးတခု ချိုးဖောက်ခံရခြင်းသည် အခြား အခွင့် အရေးများကိုပါထိခိုက်စေသည်။
>>>ဆက်ဖတ်ရန်>>> >>

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွ
ာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်..
လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။

အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့
ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးက လူ့အ ခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာလိုက်ရာ ထိုကြေညာစမ်းတမ်းကြီး၏စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ ရာဇ၀င်တွင်မည့်ကြေညာချက်ကိုပြုလုပ်ပြီး နောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအား ထိုကြေညာစာတမ်း ကြီး၏စာသားကို အများပြည်သူတို့ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင် နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိက အားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှစေရန်၊ မြင်သာအောင်ပြထားရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းချက်များ ဖော်ပြစေရန် ဆောင်ရွက်စေရမည့်အကြောင်းကိုလည်း ဆင့်ဆိုညွှန်ကြားလိုက်သည်။

စကားချီး.....

လူခပ်သိမ်းတို့၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများ ကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် လည်းကောင်း၊

လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည် ကောင်း၊ လွတ်လပ်စွာဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာသက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်း တို့မှကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခုပေါ်ပေါက်လာရန်အရေး ကို လူခပ်သိမ်းတို့က မိမိတို့၏အထက်သန်ဆုံး လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်ေ

လူခပ်သိမ်းတို့သည် တရားလက်လွတ်နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ကို နောက် ဆုံးမလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာတော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူ့အခွင့်များကို ဥပ ဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊

နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကိုပိုမိုတိုးတက်စေရန် ကြံဆောင်ရမည်ဖြစ်သော ကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကိုလည်းကောင်း၊ လူ ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့်အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍အတည်ပြုပြီးသည့်အပြင် လူမှုဘ၀ကြီးပွားတိုးတက် ရေးနှင့် ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့နေမှုဘ၀ အဆင့်အဆန်းကိုမြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ် သောကြောင့်လည်းကောင်း၊

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူ့အခွင့်အရေးများကို လည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တ၀ှမ်းလုံးတွင် ရိုသေ လေးစားကျင့်သုံး စောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊

ထို့ကြောင့် အထွေထွေညီလာခံကြီးမှ

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြ စေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထို နိုင်ငံတို့၏အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန်၊ ပြည်တွင်း ပြည်ပဆိုင်ရာ တိုးတက်သောဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီး လျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်ကြစိမ့်သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။

အပိုဒ် ၁

လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစစေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။

ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ် စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ မရှိစေရ။

အပိုဒ် ၃

လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ် ၎

မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်းခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူ သမျှကို ပိတ်ပင်တားမြစ်ရမည်။

အပိုဒ် ၅

မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေ သော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ် ၆

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင် ခွင့်ရှိသည်။

အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေ ပဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံ စားပိုင်ခွင့်ရှိသည်။

အပိုဒ် ၈

ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသောပြုလုပ်မှု ကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိ ရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။

အပိုဒ် ၉

မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ် စေ မခံစေရ။

အပိုဒ် ၁၀

အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၁

(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။

(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေ ရ။

အပိုဒ် ၁၂

မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃

(၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍ လွတ်လပ်စွာသွားလာရွှေ့ပြေင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။

(၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ၁၄

(၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။

(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သ ဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ၁၅

(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစို စွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ၁၆

(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါယောက်ျားနှင့်မိန်းမတို့သည် လင်မယားအ ဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၍သောလည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်းအိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အ ရေးများကို ရရှိထိုက်သည်။

(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန္ဒရှိမှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။

(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိ သားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ၁၇

လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်း ဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။

အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက် ၀င်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အ ခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉

လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့်ရှိသည်။ အဆိုပါအ ခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့်သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀

(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။

(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပမပြုရ။

အပိုဒ် ၂၁

(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။

(၃) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အ ချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် ၂၂

လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်သိက္ခနှင့်စရိုက်လက္ခဏာ လွတ်လပ် စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ် လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။

(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေ ရနိုင်ခွင့် ရှိသည်။

(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေ ထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။

(၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံးများဖွဲ့စည်းခွင့်၊ ပါ ၀င်ဆောင်ရွက်ခွင့် ရှိသည်။

အပိုဒ် ၂၄

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစား ပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၅

(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်း ကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော် လည်းကောင်း၊ အသက်အရွယ်အိုမင်းသောအခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရ ခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ၂၆

(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။

(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှုအပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရ မည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင် အားပေးရမည်။

(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအ ခွင့်အရေးရှိသည်။

အပိုဒ် ၂၇

(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။

(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ၂၉

(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသောလူ့အသိုင်းအ၀န်း အတွက် လူတိုင်း၌တာဝန်ရှိသည်။

(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေ စီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။

(၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည် ရွယ်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။

အပိုဒ် ၃၀

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ ပျက်စီးရာပျက်စီးကြောင်းတို့ကို ရည်ရွယ် ၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော် လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော် လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 2, 2010

အကုသိုလ်တရား လွှမ်းမိုးရာ ပုထုဇဉ်လောက၌ အကုသိုလ်ထိုက်သည့် ဟန်ဆောင်မှုတို့
ပြည့်နှက်နေ၏။ ကိစ္စရပ်တိုင်းကို ကောင်းမကောင်း ဆုံးဖြတ်ရာ၌ အကြောင်းရင်း ရည်ရွယ်ချက်နှင့်
အကျိုးရလဒ်တို့ကို ကြည့်ရသည်။ အကြောင်းနှင့် အကျိုးကို ကြည့်၍ ဟန်ဆောင်မှုကိုလည်း အပြစ်
ကင်းမကင်း နှစ်မျိုးခွဲခြား သတ်မှတ်နိုင်ပေသည်။လောကသားတို့ ဟန်ဆောင်ကြရာ၌ 'မုသားမပါ လင်္ကာမချော'
ဆိုသကဲ့သို့ ဝန်းကျင်လောကနှင့် သဟဇာတဖြစ်အောင် ဟန်ဆောင်ရသည်လည်း ရှိ၏။ ရှင်းရှင်းဘွင်းဘွင်း ပြောဆို
ပြုမူလိုက်လျှင် သက်ဆိုင်ရာ ပတ်ဝန်းကျင်၌ ပေါက်ကွဲမှု တုန်လှုပ်မှုတို့ ဖြစ်ပွား လာနိုင်သောကြောင့်
အခြေအနေကို ထိန်းသည့်အနေဖြင့် ဟန်ဆောင် ဖုံးဖိလိုက်ရသည်လည်း ရှိ၏။ ပတ်ဝန်းကျင်ကို
မသမာသော နည်းဖြင့် အနိုင်ယူ လွှမ်းမိုးရန် ကောက်တကျစ် ဟန်ဆောင်ကြသည်လည်း ရှိ၏။
ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တစ်ဦးတစ်ယောက်အတွက် အထိုက်လျောက် အကျိုး
ဖြစ်ထွန်းစေနိုင်သော ဟန်ဆောင်မှု၊ လိမ်ညာမှုတို့ကို အနောက်ယဉ်ကျေးမှု၌ 'မုသားဖြူ'ဟု ချစ်စနိုး
ကင်းပွန်းတတ်ကြ၏။ ထိုသို့သော ဟန်ဆောင်မှုမျိုးကို ခွင့်လွှတ်နိုင်သည့်သဘော လက်ခံနိုင်သည့်
သဘောပင်ဖြစ်သည်။အကုသိုလ်ထိုက်သည့် ယုတ်ညစ်သော ဟန်ဆောင်ကောက်ကျစ်မှုကို ပါဠိစာပေ၌
'သာဌေယျ'ဟု ခေါ်ဝေါ်သုံးစွဲ၏။ ဂုဏ်အရည်ချင်း တကယ်မရှိဘဲ ရှိလေဟန်ဆောင်ခြင်း၊ ကြွားဝါခြင်း
အသန္တဂုဏသမ္ဘာဝန သဘော၊ အဝိဇ္ဇမာနဂုဏပကာသန သဘောတို့သည် သာဌေယျမည်၏။
ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားမှုကို ရလိုသောကြောင့် ဂုဏ်အရည်အချင်း တကယ်မရှိဘဲ
ရှိလေဟန်ကြွားဝါခြင်းပင် ဖြစ်သည်။သီလမရှိဘဲ ရှိဟန်ဆောင်ခြင်း၊ အကျင့် မကောင်းဘဲ ကောင်းဟန်ဆောင်ခြင်း၊
အမျိုးမမြတ်ဘဲမြတ်ဟန်ဆောင်ခြင်း၊ ဗဟုသုတ မရှိဘဲ ရှိဟန်ဆောင်ခြင်း၊ ပစ္စည်းဥစ္စာ မရှိဘဲ ရှိဟန်ဆောင်ခြင်း
အစရှိသော ဟန်ဆောင်ကြွားဝါမှု မှန်သမျှသည် သာဌေယျမည်၏။ အဘိဓမ္မာ တရားကိုယ်အားဖြင့်
တဏှာလောဘပင် ဖြစ်ပေသည်။ လောကစီးပွား အောင်မြင်ရေးအတွက် ဖြတ်လမ်းနည်းလည်း
ဖြစ်ပေသည်။ယုတ်မာသော ဟန်ဆောင်မှုသည် မထိုက်တန်သော ကိုယ်ကျိုးစီးပွားကို မမှန်ကန်သော
နည်းလမ်းဖြင့် ရယူရန် ကြိုးစားသောကြောင့် ဖြစ်ပေါ်လာရ၏။ ယုတ်နိမ့် အောက်တန်းကျ
သူတို့သည် ဟန်ဆောင်မှု ကြွားဝါမှု အလိမ်မပေါ်မချင်း သာဌေယျသုံး၍ လောက၏ အထင်ကြီး
လေးစားမှုကို ရယူနိုင်ကြ၏။ ပူဇော်ချီးမြှောက်မှုကို ခံယူနိုင်ကြ၏။ လောကီစီးပွား အမြတ်
ထွက်နိုင်ကြ၏။ဟန်ဆောင်ကြွားဝါ၍ မတရားသော နည်းလမ်းဖြင့် ခံယူ ရရှိထားသော လောကအောင်မြင်မှု
များကို ကျေနပ်သာယာမိလျှင် ရိုးသားဖြောင့်မတ်မှု လမ်းကြောင်းမှန်သို့ ရောက်ရန် မလွယ်တော့ပေ။
တရားသော နည်းလမ်းဖြင့် ရရှိထားသည်ဖြစ်စေ မတရားသော နည်းလမ်းဖြင့် ရရှိထားသည်ဖြစ်စေ
လောကီစီးပွား လောကီအောင်မြင်မှုမည်သည် တွယ်မက်စေတတ်သော သဘောရှိ၏။
ဟန်ဆောင်ကြွားဝါသူ ကိုယ်တိုင်က ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားခံရမှု, အများ၏
ပူဇော်ချီးမြှောက်မှုတို့ကို တွယ်မက်နေခြင်း၊ အတွင်းသိ အစင်းသိ နီးစပ်သူတို့ကပါ ကူညီ ပံ့ပိုး၍
ကြွားဝါပေးခြင်း, တွန်းပင့်ပေးခြင်းတို့ကြောင့် သာဌေယျဖြင့် ကောက်ကျစ်သူတို့သည် လက်ရှိဘဝ၌
လောကီစီးပွား ရရှိနိုင်ကြ၏။ ယုတ်နိမ့်အောက်တန်းကျသူ သာဌေယျသမားသည် ဆင်ခြင်နိုင်စွမ်း
ဥာဏ်ရည်နိမ့်သူတို့ကို လွှမ်းမိုးနိုင်၏။ ဆင်ခြင်တုံကင်းသူတို့၏ အကန်းလောက၌ သာဌေယျသမား
သည် ပညာရှိလည်း ဖြစ်နိုင်၏။ သူတော်ကောင်းလည်း ဖြစ်နိုင်၏။
သာဌေယျဖြင့် လိမ်ညာ ကောက်ကျစ်သူတို့၏ လွှမ်းမိုးမှုကို ခံရသူ လူညံ့တို့သည်လည်း
ယုတ်မာမှု စက်ကွင်းမှ လွယ်လွယ်နှင့် မလွတ်မြောက်နိုင်တော့ပေ။
ဟန်ဆောင်မှုကို အထင်ကြီးကာ သာဌေယျသမားတို့၏ လိမ်ညာမှု စက်ကွင်းသို့ တိုးဝင်
မိသူသည် မိမိ၏ မိုက်မဲနုံအမှုကို လူသိ မခံချင်သောကြောင့် ဖြစ်စေ၊ အတန်အသင့် အသိဥာဏ် ရှိ၍
လူကဲခတ်တတ်သူပင် ဖြစ်သော်လည်း မိမိအထင်ကြီးမိသူ သာဌေယျသမား၏ အရှိန်အဝါကို
မတော်လှန်နိုင်သောကြောင့် ဖြစ်စေ ဟန်ဆောင်မှုကို သိသည့်တိုင်အောင် ဆက်လက်၍ အညာခံ
နေရ တတ်၏။ထို့ကြောင့် တွေ့ရာလူကို မဆင်မခြင် အထင် မကြီးမိအောင် ချင့်ချိန်စူးစမ်းမှုကို လေ့ကျင့်
ထားသင့်၏။ စိတ်ဓာတ်အင်အား ပညာ သုတ သိုမှီးထားသင့်၏။ လောက၌ ဖြူစင်ဖြောင့်မတ်မှု
ထွန်းကား ပြန့်ပွားရေးအတွက် ဟန်ဆောင်ကောက်ကျစ်မှုကို နှိပ်ကွပ်ရန် သတ္တိမွေးသင့်၏။ အင်အား
စုဆောင်းသင့်၏။ရုန်းမထွက်သာအောင် လွှမ်းမိုးချုပ်နှောင် တတ်သည့် သာဌေယျသမားတို့သည် ဝေးဝေး
ရှောင်ရမည့်သူများ ဖြစ်ပေသည်။ ပေါင်းသင်းဆက်ဆံရမည့် မိတ်ဆွေများ မဟုတ်ကြပေ။ ကြည်ညို
ပူဇော်ရမည့် ဆရာသမားများလည်း မဟုတ်ကြပေ။
ဟန်ဆောင်ကောက်ကျစ်သူကို သွေရှောင်ရမည် ဖြစ်သော်လည်း ဟန်ဆောင်ကြွားဝါမှုကို
လွယ်လွယ်နှင့် မသိနိုင်ပေ။ ဟန်ဆောင်သူကို အချိန်ကြာကြာ နီးနီးကပ်ကပ် ပေါင်းသင်းကာ
ဥာဏ်နှင့်ဆင်ခြင် လေ့လာ၍ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ကြည့်နိုင်မှ ထင်ထင်ရှားရှား သိနိုင်၏။
ကောက်ကျစ်မှု တစ်မျိုးဖြစ်သော ဟန်ဆောင်လိမ်ညာခြင်းကို ဥာဏ်ရှိသူတို့ အကဲခတ် နားလည်
နိုင်သော်လည်း ဟန်ဆောင်ကောက်ကျစ်သူကို အပြစ်ဆို စွပ်စွဲရန် မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော် ထိုထို လူယုတ်တို့သည် မိစ္ဆာဥာဏ် အရာ၌ ထူးချွန် ထက်မြက်
ကြသောကြောင့် ဖြစ်၏။ ပိပိရိရိ အကွက်ဆင်၍ သပ်သပ်ရပ်ရပ် ဟန်ဆောင်ကောက်ကျစ် နိုင်ကြ
သောကြောင့်ဖြစ်၏။တစ်ဘက်သား၏ အထင်ကြီး လေးစားမှုကို ရယူနိုင်သည့် သေသေသပ်သပ်
ဟန်ဆောင်ကြွားဝါမှု ကျကျနန အကွက်ဆင် လိမ်ညာမှု သာဌေယျသဘောကို ဓမ္မဓဇဇာတ်၌ အထင်အရှား
တွေ့နိုင်ပေသည်။
ဓမ္မဓဇဇာတ်
ရှေးအခါက ဘုရားလောင်းသည် ငှက်မျိုး၌ ဖြစ်၏။ ငှက်မင်းသည် သမုဒ္ဒရာအလယ် ကျွန်း
ငယ်၌ ငှက်အပေါင်း ခြံရံလျက် နေလေ၏။ ထိုစဥ် လမ်းညွှန်အဖြစ် ဒိသာကာကကျီးကို ယူဆောင်၍
သမုဒ္ဒရာသို့ ခရီးထွက်ခဲ့ကြသော ကုန်သည်တို့သည် ရေလယ်၌ လှေပျက်၍ ဒုက္ခရောက်ကြ၏။
ထိုအခါ ခရီးလမ်းညွှန်အဖြစ် ဆောင်ယူခဲ့သော ကျီးသည် ဘုရားလောင်းငှက်တို့ နေရာ ကျွန်းငယ်သို့
ရောက်သွား၏။ထိုကျီးသည် ငှက်တို့ထံ ချဉ်းကပ်ကာ အံ့ဖွယ်သရဲ အထူးအဆန်း ဟန်ဆောင်ကျင့်ပြ၍
ငှက်တို့၏ ယုံကြည်မှုကို ခံယူကာ ငှက်ဥတို့ကို လည်းကောင်း၊ ငှက်ငယ်တို့ကို လည်းကောင်း ခိုးစား
လေ၏။ ဟန်ဆောင်ကောက်ကျစ်သော ကျီးယုတ်ကြောင့် ငှက်တို့ ပျက်စီးကြရ၏။
ထိုကျီးသည် ခြေတစ်ချောင်းထောက် ရပ်၍ ပါးစပ်ကို ဖွင့်ဟထား၏။ အပြုအမူ ထူးဆန်း
သောကျီးကို ငှက်တို့က မေးမြန်း စုံးစမ်း စပ်စုကြ၏။ မြေကြီးက ခံဆောင် မထားနိုင်သောကြောင့်
ခြေတစ်ဘက်သာ ထောက်၏။ လေကိုသာ စားသောကြောင့် ပါးစပ် ဖွင့်ထား၏ဟု ကျီးက ဖြေသည်။
ထို့ပြင် သုစရိုက်ကို ကျင့်သုံးရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန်လည်း ငှက်တို့ကို တရားဟောလိုက်
သေး၏။ ငှက်တို့သည် ကျီး၏ ဟန်ဆောင်မှုကို ယုံကြည်သွားကြ၏။ အယောင်ဆောင်ကျီးကို
ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုကြ၏။ အထင်ကြီးကြ၏။ ကြည်ညို လေးစားကြ၏။ အကြောင်းရင်း
မမှန်ကန်သော သဒ္ဓါတုကြောင့် ငှက်တို့ ပျက်စီးကြရ၏။တစ်နေ့သော် ငှက်တို့သည် ငှက်ဥနှင့် ငှက်ငယ်တို့ကို
စောင့်ရှောက်ရန် ကျီးကို ယုံယုံကြည်ကြည် တာဝန်ပေး၍ အစာရှာ ထွက်သွားကြ၏။ ထိုစဉ် အယောင်ဆောင်
ကျီးယုတ်သည်ငှက်ဥနှင့် ငှက်ငယ်တို့ကို ခိုးယူ စားသောက်လေ၏။ ထို့နောက် ခြေတစ်ချောင်းထောက်၍ ရပ်ကာ
ပါးစပ်ဖွင့်ထားရင်း ရှေးနည်းအတိုင်း ဟန်ဆောင်နေလိုက်၏။
ကျီးယုတ်က ပိရိစွာ ဟန်ဆောင်ကောက်ကျစ် နိုင်သောကြောင့် ငှက်ဥနှင့် ငှက်ငယ်တို့ ပျောက်
ဆုံးမှုအတွက် ငှက်တို့က ကျီးကို သံသယမရှိကြပေ။ အထင်ကြီးမြဲ လေးစားမြဲ ရှိကြ၏။
''ဤကျီး ရောက်လာမှ အန္တရာယ်ဖြစ်သည်''ဟု စဉ်းစားမိသော ဘုရားလောင်း ငှက်မင်းသည်
ကျီးကို မသင်္ကာ၍ အမှုကိုစုံစမ်း၏။ ဘုရားလောင်းသည် အခြားငှက်တို့နှင့် အတူ အစာရှာ
ထွက်မည်ဟု ဆိုကာ ကျီးကို စောင့်ကြည့် နေခဲ့၏။ ထို့ကြောင့် ကျီး၏ယုတ်မာမှုကို သိရ၏။ ထိုအခါ
ငှက်တို့သည် ကျီးယုတ်ကို ဝိုင်းအုံ ထိုးသုတ်၍ သတ်ပစ်လိုက် ကြ၏။
ဤဇာတ်တော်၌ အဓမ္မသမားဖြစ်သော အယောင်ဆောင် ကျီးယုတ်သည် ဓမ္မတာအရ
နောက်ဆုံး၌ ရှုံးနိမ့်ပျက်စီးရသော်လည်း ဟန်ဆောင်လိမ်ညာ၍ ငှက်တို့ကို ပညာသားပါပါ
လွှမ်းမိုးနိုင်ခဲ့၏။ ဟန်ဆောင်ကောက်ကျစ်၍ ပူးသတ်နိုင်ခဲ့၏။
ကျီး၏ ယုတ်မာမှုကို ဖော်ထုတ်ခဲ့သော အလောင်းတော် ငှက်မင်း၏ အရည်အသွေးကား
လေးစားအားကျဖွယ်ဖြစ်၏။ တိရစ္ဆာန်ပင်ဖြစ်သော်လည်း အခြေအနေမှန်ကို သုံးသပ်နိုင်ခြင်း၊ အမှု
မှန်ကို ဖော်ထုတ်ရာ၌ ဆန့်ကျင်ဘက်ကို အသားလွတ် စွပ်စွဲခြင်း မဟုတ်ဘဲ အများလက်ခံနိုင်အောင်,
ဆန့်ကျင်ဘက်ကပင် ပြန်မငြင်းနိုင်အောင် စနစ်တကျ ဆောင်ရွက်နိုင်ခြင်းတို့မှာ သာမာန်ဥာဏ်ရှိသူ
တို့ပင် နားလည်ကြည်ညိုနိုင်သော ဘုရားလောင်းတို့၏ ဝိသေသဂုဏ်ရည်များ ဖြစ်ပေသည်။
ဘုရားလောင်း ငှက်မင်းကို အတုယူ၍ ဟန်ဆောင်ကောက်ကျစ်သူ သာဌေယျသမားကို
နှိပ်ကွပ်သင့်၏။ လောက၌ ဖြူစင်ရိုးသားမှု ပြန့်ပွားအောင် ဆောင်ရွက်သင့်၏။ မိမိပတ်ဝန်းကျင်၌
သာဌေယျသမားတို့ မင်းမမူနိုင်အောင် ဆောင်ရွက်ခြင်းသည် ပညာရှိ သူတော်ကောင်းတို့၏ မြင့်မြတ်
သော တာဝန်တစ်ရပ် ဖြစ်ပေသည်။သာဌေယျသမားကို နှိပ်ကွပ်ရန် လောက၌ မည်သို့သော တရားဥပဒေများ
သတ်မှတ်ပြဌာန်းထားလေသည် မသိ။ သာသနာတော်၌ကား ဘုရားရှင်သည် သာဌေယျသမားကို နှိပ်ကွပ်ရန်အတွက်
အပြင်းထန်ဆုံး ဥပဒေဟု ဆိုနိုင်သော ပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော် မူခဲ့၏။ ပစ္စည်း လာဘ်
လာဘနှင့် ထင်ပေါ်ကျော်ကြားမှုကို ရလိုသောကြောင့် တရားထူး မရဘဲ ရလေဟန် ဟန်ဆောင်
ကြွားဝါသော ရဟန်းသည် ပါရာဇိကကျ၏။ပါရာဇိကကျခြင်း ဟူသည်မှာ ရဟန်းများအတွက် အကြီးမားဆုံးသော
ဆုံးရှုံးမှု ဖြစ်၏။ပါရာဇိကကျသော ရဟန်းသည် ဘုရားသားတော် ရဟန်းစစ် မဟုတ်တော့ပေ။ သာသနာတော်မှ
အပြီးအပိုင် ထွက်ခွာရ၏။ လည်ဆစ်ပြတ်သော ထန်းပင်သည် ပြန်လည်၍ မရှင်သန်နိုင်တော့
သကဲ့သို့ သာသနာတော်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် မရှိတော့ပေ။
မည်မျှပင် နှိပ်ကွပ်သော်လည်း သာဌေယျသည် အရေထူ၏။ အသက်ပြင်း၏။ သုတ်သင်ဖို့
မလွယ်ပေ။ ဟန်ဆောင်ကောက်ကျစ်မှု သာဌေယျ ဟူသည်မှာ သတ္တဝါတို့ သန္တာန်၌ ဘဝ
အဆက်ဆက် ကိန်းဝပ်လာသော သံသရာဝဋ်ဖြစ် အကုသိုလ် လောဘစေတသိတ်သာ ဖြစ်သော
ကြောင့် အကုသိုလ်မကင်းနိုင်သူ လောဘမသိမ်းနိုင်သူ လူမည်သည်မှာ အနည်းနှင့်အများ ဟန်
ဆောင် တတ်ကြသည်သာတည်း။ ကောက်ကျစ်တတ်ကြသည်သာတည်း။ မိမိသန္တာန်၌ သာဌေယျ
အရိပ်အရောင် တွေ့ရသည်နှင့် ရှင်သန်ကြီးထွားခွင့် မပေးဘဲ သတိနှင့် သုတ်သင်ကြရုံသာ
ရှိတော့သည်။လောဘပတ်ဝန်းကျင်နှင့် ဆက်စပ် နေရသောကြောင့် ဟန်ဆောင် ကောက်ကျစ်သူတို့၏
လွှမ်းမိုးမှုကို အတိုင်းအတာ တစ်ခုအထိကား ခံကြရနိုင်သည်သာတည်း။ ထို့ကြောင့် မိမိထံသို့
သာဌေယျသမား၏ ယုတ်မာမှုဂယက် ရိုက်ခတ်လာသည်နှင့် မိမိနှင့် မိမိပတ်ဝန်းကျင်၏ ပစ္စုပ္ပန်စီးပွား
သံသရာစီးပွားကို မထိပါးရလေအောင် သတိထားကြရုံသာ ရှိတော့သည်။
အကုသိုလ်ကို အမြစ်ပြတ် မသုတ်သင်နိုင်မီ၊ အကုသိုလ် လောကကို မလွန်မြောက်နိုင်မီ
ဟန်ဆောင် ကောက်ကျစ်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစား၍ ပိပိရိရိ ဟန်ဆောင် ကောက်ကျစ်
တတ်သော လူယုတ်တို့ကို သွေရှောင်နိုင်ရန်နှင့် ရှောင်မရလောက်အောင် ထိပ်တိုက် တွေ့ရသည့်
အဆုံး သာဌေယျသမားကို စွမ်းနိုင်သောနည်းဖြင့် သတိကြီးကြီးထား၍ နှိပ်ကွပ်ကြရုံသာ ရှိတော့
သည်။ သံသရာအထိ ဆိုးကျိုးပေးနိုင်သော ဟန်ဆောင်ကောက်ကျစ်မှု သာဌေယျအန္တရာယ်မှ
ကင်းဝေးကြပါစေ။
ရှင်အာစာရ
>>>ဆက်ဖတ်ရန်>>> >>